Sunday, April 4, 2010

အရောင်လေးတွေ အကြောင်းပါ ၂

ကျွန်တော်တို့ ကာလာ အခြေခံ တွေသိပြီဆိုရင် ဆက်လေ့လာရမှာက အဲဒီ ကာလာလေးတွေကို စိတ်ကြိုက် တစ်ရောင်ထဲသုံးတာထက် တစ်ခြားအရောင်တွေနဲ့တွဲသုံးရတာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရမှာပါပဲ။ အဲဒီလိုအခါမျိုးတွေမှာ အသုံးချမယ့်နေရာပေါ်မူတည်ပြီး လိုက်ဖက်ညီအောင် အသုံးပြူမှ အမြင်အာရုံမှာ အဆင်ပြေတဲ့ ရသလေးတွေ ရမှာပါ။ အဲဒီလို အသုံးချတဲ့နေရာမှာ အချိန် အများကြီး ပေး ရွေးနေရတာထက် အရှေ့က ပညာရှင်တွေ ဖော်ထုတ်ပေးခဲ့တဲ့ ကာလာအတွဲလေးတွေရဲ့  အကြောင်းကို နားလည်ခဲ့မယ်ဆိုရင် အချိန်မကုန်ပဲ သင့်တော်တဲ့ ကာလာအတွဲအစပ်လေးတွေကို ရင်ခုန်ချင်စဖွယ် ရလာမယ်လို့ ပြောချင်ပါတယ်။ အဲဒီလို သင့်တော်တဲ့ ကာလာအတွဲအစပ်လေးတွေကို ကာလာဟာမိုနီ (color harmony) လို့ဆိုပြီး ကာလာတွဲ လေးတွေ ကို formula အနေနဲ့ color scheme လေးတွေ ခွဲခြားဖော်ထုတ်ပြထား ပါတယ်။

color scheme လေးတွေကို ကျွန်တော်လေးစားရတဲ့ architect တစ်ယောက်ရေးထားတာလေးက ဒီလိုဗျ..
လေ့လာကြည့်တဲ့အခါ color scheme ဆိုတဲ့စကားလုံး ကိုပဲ Cambridge Advanced Learner's Dictionary က a combination of colours that have been chosen for a particular room ( အခန်း တစ်ခန်းအတွက် ရွေးချယ်ထားသော အရောင်များ၏ အတွဲအစပ် ) လို့ ပြပါတယ်။ Oxford Advanced Learner's Dictionary က the way in which colors are arranged,especially in the furniture and decoration of a room ( အထူး သဖြင့် ပရိဘောဂ နှင့် အခန်းအလှဆင်ရာတွင် အရောင်များကို စီစဉ်ထားပုံ ) လို့ ပြပါတယ်။ တခြား Dictionary တွေထဲမှာလေ့လာကြည့်ရင်လည်း အမျိုးမျိုးပြထားပါလိမ့်မယ်။များလေရှုပ်လေ ဖြစ်တတ်တာမို့ စလေ့လာခါစမှာ နည်းနည်း သိရင်ပဲ ကိုယ့်ဖာသာဆက်တွေးဖို့ တိုက်တွန်း လိုပါတယ်။

Divergent Thinking မှာ ခှိုင်းနှိုင်းပုံ ( Analogy) လေးတွေပါဝင် တတ်ပါတယ်။ တွေးတောပုံ နမူနာလေး တစ်ခုတင်ပြပါမယ်။ အရောင်တွဲတစ်ခုကို စာအုပ်တစ်အုပ်နဲ့ ခှိုင်းနှိုင်းကြည့်ပါမယ်။ ပါဝင်နေတဲ့အရောင်တွေဟာ စာရွက်တွေနဲ့အလားတူပါတယ်။ အရောင်တွေရဲ့ ဝါ စိမ်း နီ ပြာ အနု အရင့် အပြင်း အပျော့ ( Hue, Brightness, Saturation ) စတဲ့ အရာတွေကတော့ စာရွက်တွေပေါ်မှာ ပုံနှိပ်ထားထားတဲ့ စာလုံးတွေ ( letters ) နဲ့ တူပါတယ်။

စာအုပ်ဖြစ်ဖို့ စာလုံးတွေပုံနှိပ်ထားတဲ့စာရွက်တွေကို စီစဉ်တွဲစပ်ရသလို အရောင်တွဲတစ်ခုဖြစ်ဖို့ ဝါစိမ်းနီပြာ အနုအရင့် အပြင်းအပျော့ စသဖြင့် အရောင်တွေကို တွဲစပ်ရပါတယ်။ စာလုံးတွေကိုရေးသားလိုတဲ့စကားလုံးတွေ ( words ) အဖြစ်စီစဉ်ထားသလို ဝါစိမ်းနီပြာ အနုအရင့် အပြင်းအပျော့တွေကိုလည်း အလိုရှိသောအရောင်များ (colors ) ဖြစ်အောင် ချိန်ညှိုရပါတယ်။
စာအုပ်နာမည် ( Title ) က အတွင်းထဲမှာ ပါဝင်တဲ့ အဓိက အကြောင်းအရာ ( theme ) ကို ကိုယ်စားပြု ဖော်ပြလေ့ရှိသလို အရောင်တွဲနာမည်တစ်ခုကလည်း အတွင်းထဲမှာပါဝင်တဲ့အရောင်တွေကနေ ဖြစ်ပေါ်စေတဲ့ အဓိကစိတ်ခံစားမှု ( mood ) ကို ကိုယ်စားပြုဖော်ပြပါတယ်။


ကာလာ scheme တွေကိုစပြောပါ့မယ်။

Monochromatic


သူက ပုံမှာတွဲပြထားတဲ့ color စက်ဝိုင်းလေးမှာ အရောင် တစ်ရောင်ကိုရွေးပြီး အဲဒီ အရောင်ကိုပဲ tint တွေ shade တွေနဲ့ (အဖြူပေါင်းထည့်ရင် tint , အနက်ပေါင်းထပ်သွားရင် shade ) ကစားပြီး အဲဒီအရောင်တွေနဲ့ပဲ သုံးသွားတာ ဖြစ်လို့ မမှားနိုင်ဆုံးနဲ့ အလွယ်ကူဆုံးရွေးချယ်မှုလေးပါ။ monochromatic scheme တွေဟာ မျက်လုံးထဲမှာ လင်းလင်းချင်းချင်းနဲ့ ပေါ့ပေါ့ပါးပါးရှိစေတဲ့ ခံစားမှုမျိုးကို ပေးပါတယ်။ သူမှာ အဆင်မပြေတာ တစ်ခုကတော့ ကာလာတွေက နီးတော့ တစ်ခုနဲ့တစ်ခု ကွဲပြားတာမျိုး(contrast)မဖြစ်ပဲ flat ဖြစ်တတ်တယ်။ အဲဒီတော့ ပေါ်လွင်ထင်ရှားစေတဲ့ ကာလာအတွဲအစပ်မျိုးတွေ သုံးချင်ရင်တော့ အဆင်မပြေပါဘူး။


Analogous

သူကတော့ ကာလာ စက်ဝိုင်းလေးမှာ ရွေးလိုက်တဲ့ ကီးကာလာ (key color) ရဲ့  ကပ်ရပ် အရောင်တွေ ၀ါ အိမ်နီးချင်း အရောင်တွေပေါ့။ ဒီကာလာတွဲလေးကတော့ သူတို့ရဲ့  ပင်ကိုယ် သဘာဝ လေးတွေကို က သဘာဝဆန်တဲ့ အရောင်တွဲလေးတွေ များပါတယ်။ ပုံမှာနမူနာ ရွေးထားတဲ့ ကာလာလေးတွေ ထဲက အ၀ါနဲ့ အစိမ်းဘက်ကိုတွဲလိုက်ရင် နွေဦးမှာ သစ်ရွက်စိမ်းလေးတွေ ညှိုးဝါလာတဲ့ အတွဲအစပ်လေးပါပဲ။ သူတို့ဟာ အများဆုံးတွေ့ရတဲ့ အတွဲလေးတွေ ဖြစ်သလို သူတို့ နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကိုပါ အထောက်အပံ့ ကောင်းလေးတွေ ပေးနိုင်ပါတယ်။ အဲ ပိုပြီးစိတ်ဝင်စားအောင်က ကာလာ dimension တွေ ကစားပြီး contrast ဖြစ်အောင် သုံးတာမျိုးတွေပါပဲ။ နောက် ရှောင်သင့်တာကတော့ သူတို့ကို သုံးတဲ့အခါ အခန်းတစ်ခုပဲ ဖြစ်ဖြစ်.. scene တစ်ခုပဲဖြစ်ဖြစ်ပေါ့.. အပူရောင်နဲ့ အအေးရောင် တွဲသုံးတာမျိုး သတိထားစေချင်ပါတယ် ..အဓိက အခန်းတွေ အတွက်ပေါ့။

Complementary

ကာလာစက်ဝိုင်းမှာ တစ်ရောင်နဲ့ တစ်ရောင် အဝေးဆုံးမှာရှိနေကြတဲ့ မျက်နှာခြင်းဆိုင် အရောင်လေးတွေပါ။ သူတို့ကို ဆန့်ကျင်ဘက်အရောင်တွေလို့လဲ ခေါ်ပါတယ်။ ဒီကာလာတွဲတွေကတော့ တစ်ခုနဲ့ တစ်ခု contrast ဖြစ်တော့ ကြည့်ရတဲ့ ခံစားမှုက တောက်ပတယ်၊ ပြတ်သားတယ်၊ ထင်ရှားပေါ်လွင်တယ်ပေါ့ဗျာ။ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တော်တော် မြင်သာပါတယ်။ ခရစ်စမတ်ဆိုပါဆို့ .. tree က အစိမ်း.. အသီး လေးတွေ .. မီးလေး တွေက အနီအဓိက သုံးတယ်လေ။

နောက် နှင်းဆီနီ ( red rose ) ပေါ့ .. အပွင့် နီနီ က အစိမ်းရောင် အရွက်အောက်ခံပေါ်မှာမဟုတ်လားဗျာ။ အဲ သူ့မှာတော့ အဲဒီ ကာလာတွေ များများသုံးတာကို သတိထား ရှောင်ရမယ်လို့ ဆိုထား ပြန်တယ်။ ဘယ်လိုမျိုးလေးတွေ ဆိုဒါမျိုးတွေ ရှောင်ထားပြီးသား ဖြစ်လဲဆိုတော့ အဓိက key ကာလာရွေးပြီး ကျန်တဲ့ အရောင်ကို နုတာလေး.. soft ဖြစ်တဲ့ အရောင် အတွဲမျိုးဖြစ်အောင် သုံးရင် အဆင်ပြေတာပေါ့နော်။ အဲဒီ ဆန့်ကျင်ဘက် အရောင်တွဲ ၂ ခုကို သုံးခဲ့ရင်တော့ tetradic scheme. လို့ခေါ်ပါတယ်လို့ မှတ်သားဘူး ပါတယ်။



Split Complementary

ဒီကာလာတွဲ ကတော့ Complementary မှာလို မျက်နှာခြင်းဆိုင်ကို အတည့် မယူပဲ အဲဒီ မျက်နှာခြင်းဆိုင် ကာလာရဲ့ တစ်ဘက်တစ်ချက်က အရောင်တွေနဲ့ တွဲတာပါ။ ဒါဆိုရင် သူကလဲ contrast ဖြစ်ပေမယ့် နဲနဲ key ကာလာနဲ့ တွဲမယ့် အရောင်တွေက intensity ပျော့တဲ့သဘော ပေါ့နော်။ သူကျတော့ balance ဖြစ်အောင် ကာလာလေးတွေ ရွေးတာမှာ သတိထား ပိုအာရုံစိုက်ရပါတယ်။


Triadic

ဒါလေးကတော့ ကာလာစက်ဝိုင်းမှာ ကာလာတစ်ခုရွေးလိုက်ပြီး သူနဲ့ နောက် တွဲမယ့် ၂ ခုက တစ်ခုနဲ့ တစ်ခုကြား ကာလာ ၃ ခုခြားတဲ့ အညီအမျှ စိတ်ထားတဲ့ ကာလာတွဲတွေပါ။ သူ့ကလဲ အထက်က Split Complementary လိုပါပဲ။သူ့ကိုရွေးရာမှာ key ကာလာရွေးပြီးတာနဲ့ ကျန်တဲ့ကာလာတွေက သူထက် intensity နည်းပြီး soft ဖြစ်တာမျိုးလေးတွေရွေးရင် အဆင်ပြေပါတယ်။

Netural

သူကတော့ အဖြူ ၊ အမည်း ၊ gray (မီးခိုး) ၊ beige(အညိုဖျော့ဖျော့)၊ စသဖြင့် အပူသဘော.. အအေးသဘော မဆောင်ပဲ အရောင်ပါးပါးလေးတွေ၊ အခန်းဆို .. တစ်ခန်းလုံးမှာ အရောင်ရယ်လို့ သေချာ သုတ်ထားတာမျိုး မဟုတ်ပဲ black & white tones ဆန်ဆန်မျိုးကို ဆိုလိုတာပါ။ ပထမ post မှာ ရေးခဲ့ပြီးသားပါ။ ဒါပေမယ့် ထပ်ဖြည့်ပြောချင်တာက အရောင်ရဲ့  intensity .. ကာလာ အားနည်းပြီး အဖြူ၊ အမဲ၊ မီးခိုး စတဲ့ tint and shade ပါဝင်မှုတွေ နဲ့ ကစားထားတဲ့ အရောင်တွေကို ဆိုလိုတာပါ။ အဲဒီတော့ ဒီကာလာ တွေဟာ ဘယ်အရောင် ၊ ကာလာတွဲတွေနဲ့ မဆို လိုက်ဖက်နေပါလိမ့်မယ်။

တစ်ချို့ sensitive ဖြစ်တဲ့ client တွေ ဆို ဒီ natural color အတွဲတွေနဲ့ ဆို အဆင်ပြေတာများပါတယ်။


No comments: