Saturday, January 29, 2011

အိမ်များနှင့် ကခုန်ခြင်း

ဒီပိုစ်လေးက ကျွန်တော် ဖိုရမ်တစ်ခုမှာ ရေးခဲ့ ဘူးပါတယ်။နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ နဲ့ အတော် ပတ်သတ်နေပါတယ် ဆိုပေမယ့် ပြည်တွင်းက သူတွေ အနေနဲ့လည်း သေချာတွေးကြည့်မယ်ဆိုရင် အသုံးဝင်မယ်ထင်ပါတယ်။

ကျွန်တော် ဖြတ်သန်းဘူးတဲ့ အတွေ့အကြုံအရ စွန့်ခွာခဲ့တဲ့အိမ်... ရောက်ချင်နေတဲ့အိမ်... ပြန်သွားချင်တဲ့အိမ်.. စသဖြင့် လူအမျိုးမျိုး အတွေ့အကြုံအထွေထွေ ပေါ်မူတည်ပြီး ကွဲပြားနေတဲ့ ခံစားချက်တွေ နဲ့ ရည်ရွယ်ချက်တွေ ကို ပြောပြချင်ပါတယ်။ သူငယ်ချင်းတို့ တစ်တွေလဲ ၀င်ရောက် ဆွေးနွေးပေးကြပါ... ခံစားချက် တွေ ဖလှယ်ကြပါ.. ဒီနေရာလေးမှာ ၀င်ကတည်းက ကာရံထားတဲ့ မာနတွေ... လောဘတွေ... ဒေါသတွေ ခဏလေး ခွာချခဲ့ပြီး ပြောစေချင်ပါတယ်....

အိမ်ဆိုတာ ကျွန်တော်တို့ မွေးဖွား ကြီးပြင်းပြီး အသိဥာဏ်ကလေး ရှိလာတာနဲ့ အိမ်ကိုထားပြီး အပြင်ထွက်ချင်တယ်.. အပြင်က ပြန်လာရင် အတင်းငိုတယ်လေ.. အိမ်မှာမနေချင်ဘူးပေါ့...း) ဒီလိုပဲ မူကြိုရောက်လို့ စသွားတဲ့နေ့တည်းက အုပ်ထိမ်းသူ လိုက်ပို့လို့... ကျောင်းကပြန်သွားတဲ့ အခါ ငိုပြီး ကျန်ရစ်ခဲ့ရတာက စလို့ အိမ်ပြန်ချင်တဲ့ စိတ်ကလေးကို စပြီး ခံစားတတ်လာတာပါပဲ...
(ချွင်းချက်အနေနဲ့ တစ်ချို့ကျောင်းမှာ ပျော်တာရှိတာတွေတော့ မပြောလိုဘူးနော်)
ကျွန်တော်တို့တတွေ အရွယ်ရောက်လာ တည်းက အုပ်ထိမ်းသူ(မိဘ) အိမ်မှာ ကြီးပြင်းခဲ့သလို စိတ်ကူး အိမ်မက်ထဲမှာလဲ... တစ်နေ့ကျရင် ငါတော့ ဘာတွေ လုပ်မယ် ဘယ်လိုနေမယ် စသဖြင့် ကိုယ်ပိုင် အိမ်ဆိုတာ လူတိုင်းနီးပါး ရှိခဲ့ ပါတယ်။ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ အရွယ်ရောက် လာတော့ ကိုယ့်ပညာရေးနဲ့ ပတ်ဝန်းကျင် ပေါ် မူတည်ပြီး အိမ်မက်အိမ်လေး တွေက ပိုကြီးထွားလာကြတဲ့ သူတွေ ရှိသလို.. ပျောက်ကွယ်လုနီးပါး.. လေလွင့်နေတဲ့သူတွေလဲ ရှိလာတာပါပဲ။ တက္ကသိုလ်တက်တော့ နွေရာသီ ကျောင်းပိတ်ရက်မှာ အိမ်ပြန်ကြဖို့ ပြင်ဆင်တဲ့အခါ... အိမ်ကျရင်.. ငါကတော့.... အိမ်ကျရင်.. အဖေ့ကို... အမေ့ကို.. အိမ်ပြန်ရောက်ရင်.. ဘာတွေလုပ်မယ်လို့ပျော်ရွှင်နေကြသလို တစ်ချို့တွေ တိတ်ဆိတ်နေတာ.. မချိပြုံးလေးနဲ့ နားထောင်ပေးနေတဲ့ သူငယ်ချင်းတွေကိုရော သတိထား ခံစားမိမလား မသိဘူး... :? အိမ်ပြန်ရောက်လို့မကြာခင်မှာပဲ.. အဖေက ဒါမလုပ်ရဘူး.. အမေက ခေတ်မမှီဘူး စသဖြင့်... စည်းကမ်းတွေ နဲ့ အဆင်မပြေလို့ ကျောင်းပဲပြန်တက်ချင်ကြပြန်တော့ အိမ်နဲ့ ဝေးရာကို စိတ်ပါပြန်ပြီရော.. ဘာပဲပြောပြော....ပြန်မယ်....မနေချင်ဘူး.. အဲဒါတွေ အကုန်လုံးက အချိန်တန်ရင် အိမ်ပြန်ရမယ့် အချိန်လေးတွေက အများအားဖြင့် သတ်မှတ် ပြီးသားလေ။... အဲဒါကိုတစ်ချို့က သတိထားမိသလို သတိမထားမိတဲ့သူတွေက များမှာပါ အဲဒီ အရွယ်မှာပေါ့... ဘာပဲပြောပြော... ကျွန်တော်တို့ အရွယ်ရလာတာနဲ့ အမျှ အိမ်ကထွက်ပြီး.. အိမ်ကိုပြန်တဲ့ အချိန်တွေဟာ တစ်ဖြည်းဖြည်းနဲ့ ကာလတွေ ကြာရှည်လာတာ အသေအချာပါပဲ.

မိဘအိမ်က ထွက်လာပြီ ဆိုတည်းကိုက ပိုပြီးကောင်းမွန်တဲ့ ကိုယ်ပိုင်ဘ၀လေးတွေတည်ဆောက်ချင်လို့ပဲလေ။ သေချာစဉ်းစားကြည့်ရင် မိဘ အိမ်ဆိုတာ ကိုယ့်ဘ၀အတွက် အခြေခံ ဖြစ်ပေမယ့် ကိုယ့်မိသားစုအတွက်တော့ ကိုယ်ပိုင်အိမ်စစ်စစ် လိုအပ်နေတာမလွဲပါဘူး။ ဘယ်သူမဆို အိမ်ထောင်ပြူကြ ဘ၀တစ်ခုတည်ဆောက်ကြမှာ မလွဲပါဘူးနော်။ (အပျိုကြီး..လူပျိုကြီးရယ်လို့ ကပ်ပြီးတော့ မပြောနဲ့ပေါ့ဗျာ) ;D အဲတော့ အိမ်ပြန်မယ်ဆိုတဲ့ စကားလုံးလေးတွေရဲ. ဦးတည်ရာ က အဖေ့အိမ်.. အမေ့အိမ်ရယ်လို့ ပြောင်းလဲလာတာပါပဲ.. အဲ... တည်ဆောက်ထားတဲ့ အိမ်လေးမသာယာဘူးဆိုရင်တော့ မိဘအိမ်ပဲ... အိမ်လို့ ပြောနေဦးပေမယ့်.. သာယာနေပြီ ဆိုရင် ခဏတာ အလည်လောက်ပဲ ပြန်ဖြစ်တာ များတာပါပဲ။ ကိုယ့်အလှည့်ကျ လာမှာပဲနော် .. တစ်ချို့ ဆို မိဘနဲ့ နီးတဲ့ နေရာ..တစ်ချို့ဆို ဝေးတဲ့နေရာ စသဖြင့် ဘ၀အမျိုးမျိုးဖြစ်ကြပေမယ့် အခံစိတ်ဓိတ်ပေါ်မူတည်ပြီး သိတတ်...ကြည့်တတ်ကြတာပါပဲ။
ဒါတောင် သွေးရင်းသားရင်း မိဘတွေနော်.. သွေးမတော် သားမစပ်၊ တစ်မြေထဲနေ တစ်ရေတည်းသောက်၊ မြို့သူ၊ နယ်သူ၊ ပြည်သူ အချင်းချင်း ရှိုင်းပင်းဖို့ဆိုတာ တစ်ကယ်တော့ အပြောသာလွယ်တာ လက်တွေ့မှာတော့ ကိုယ့်ဘ၀နဲ့ကိုယ်ရှုပ်နေပြီဆိုရင် မိဘအိမ်တောင် မေ့တတ်တော့ တိုင်းပြည်ဆိုတာ အဝေးကြီးဖြစ်နေတာ တော်တော်များများပါ။

ကျွန်တော်တို့တစ်တွေ ပြန်ချင်တဲ့ အိမ်ဆိုတာ ဘယ်လိုမျိုးလဲ.. ဘယ်လို လိုအပ်ချက်တွေ ဖြည့်ဆည်းထားဖို့ လိုမလဲ... မိဘအိမ်လား.. ကိုယ့်မိသားစုအိမ်လား... မိမိတိုင်းပြည်ဆိုတဲ့ အိမ်ကြီးကကော....ဘာပဲပြောပြော ကိုယ့်မိဘအိမ်ပဲလို့ အဆင်မပြေတောင် ကျိတ်မှိတ်နေပေမယ့်.. ကိုယ့် ကိုယ်ပိုင်အိမ်ကသာနေရင် ခဏပဲ မိဘအိမ်မှာ နေမှာပါ ပြီးရင် ကိုယ်သာယာတဲ့ ဘ၀.. အိမ်မက်တွေ ရှိတဲ့အိမ်... နေရာကို ပြန်မှာ မလွဲပါဘူး။ အဲတော့ ကျွန်တော်တို့တစ်တွေရဲ့  ကိုယ်စီ အိမ်ဆိုတာကကော... :? ဘာတွေရှိနေမလဲ.... ဘယ်လို လိုအပ်ချက်တွေ ဖြည့်ဆည်းထားဖို့လိုမလဲ ??? သွေးရင်းသားရင်း မိဘအိမ်ထက် ပိုသာယာတဲ့အိမ်ကို အလေးသာမိသေးတာ သွေးမတော် သားမစပ်၊ တစ်မြေထဲနေ တစ်ရေတည်းသောက်၊ မြို့သူ၊ နယ်သူ၊ တိုင်းသူ ပြည်သူ စတဲ့ တိုင်းပြည်အနေနဲ့ ဆိုရင် အဝေးကြီးနော်...ကျွန်တော်တို့ တစ်တွေရဲ့  ရင်ထဲမှာ ဘယ်လို ယုံကြည်ချက်တွေ ရှိနေသင့်သလဲ.. :?

အဆုံးသတ် conclusion ချရတာ ကျွန်တော့် ကိုယ်ပိုင်အမြင်နဲ့ အတွေ့အကြုံရပြောတာပါ။ သဘောထားမတိုက်ဆိုင်ခဲ့ရင်လဲ ဖြစ်နိုင်ပါတယ်ဗျာ.... ဒီခေါင်းစဉ်လေးရေးရတဲ့ ရေရွယ်ချက် ရှိပါတယ်။ ဘယ်ကစလာလဲ ဆိုတော့ မိဘအိမ်နဲ့ အဝေးမှာ.. ဇာတိမြေနဲ့ ဝေးတဲ့နေရာမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေသူတွေရဲ့  ပတ်ဝန်းကျင်မှာ အများဆုံး ကြားရတာက စတာပါ။ အိမ်ပြန်ချင်တယ်... မပျော်ဘူး.... မဖြစ်လို့နေရတာ.. စသဖြင့်ပေါ့.. ကျွန်တော်ကိုယ်တိုင်လဲ ပါဝင်ခဲ့ပါတယ်။ အဲဒီ စကားလုံးတွေရဲ့  နောက်ကွယ်က ဇာတ်လမ်းလေးတွေ အတော်များများ အဖြေရှာကြည့်မိခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ...အခုအခြေအနေ အသိနဲ့ ရေးတာဖြစ်လို့ နောင် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်ဗျာ...ကျွန်တော့်စိတ်ထဲတော့ ပြောင်းလဲ သိပ်ပြီး ကြီးကြီးမားမား မပြောင်းနိုင်ဘူးလို့ ယုံကြည်ပါတယ်။အကြောင်းအမျိုးမျိုး နဲ့ ဇာတိမြေက ခွဲခွာလာကြတာတော့ မပြောတော့ပါဘူး....အဓိက ဆန်းစစ်ကြည့်တော့ အိမ်ပြန်ချင်တယ်..လွမ်းတယ် ဘာအတွက်လဲ...???? တစ်ကယ် ပြန်ချင်တာလား...
  • ခဏပြန်ပြီး အပျော်နေပြီး...ပြန်လာဖို့ လွမ်းတဲ့သူ....
  • နောက်..လွမ်းတယ်..ပြန်ချင်တယ် ဒါပေမယ့် ပြန်ခဲ့ရင် လက်ရှိနေရာလောက်လဲ အဆင်မပြေ အခြေအနေလဲ ရပ်တည်ဖို့မလွယ်တော့ တစ်ကယ်မပြန်ဖြစ်ပဲ ဟန်နဲ့ပဲ ပြန်နေရသူ....
  • နောက်ပြန်ရင်လဲ အဆင်ပြေပါတယ်..ဒါပေမယ့် လက်ရှိနေရာ လောက်မကောင်းလို့ မပြန်ဖြစ်သူ
  • ပြန်မယ်..ဒါပေမယ့် တတ်တာတွေ အသုံးချဖို့မလွယ်လို့ မပြန်ဖြစ်သူတွေ ..
စသဖြင့် အများကြီးရှိပါသေးတယ်..

ကျွန်တော် တွေ့တဲ့ အထဲမှာ ကိုယ့်ဇာတိမြေမှာ ပြန်ပြီး ရပ်တည်နိုင်အောင် လက်ရှိနေရာမှာ ဘာတွေ လေ့လာဖို့လိုမလဲ... ဘာတွေစုဆောင်းဖို့လိုမလဲ ဘယ်လိုတွေ ပြင်ဆင်ဖို့လိုမလဲ.. ဆိုတဲ့ short term plan လေးတွေနဲ့ တစ်ဆင့်စီ လုပ်သွားရမယ့် long term plan မရှိတာက အဓိက ဒီပြဿနာတွေကို ဖြစ်စေတာလို့ သတိထားမိပါတယ်။.... အိမ်ကိုပြန်ပြီး တိုးတက်အောင် လုပ်နိုင်တဲ့ ၀န်းကျင်ရှိတဲ့သူတွေက ပြန်ပြီး လုပ်နိုင်အောင် တိကျတဲ့ အနာဂတ် plan တွေရှိသင့်သလို.... အဝေးကနေပြီး တိုးတက်အောင် အထောက်အကူပြုနိုင်တဲ့ ပတ်ဝန်းကျင်က သူတွေကလဲ အဝေးကနေ အကောင်းဆုံးလုပ်နိုင်အောင် တိကျတဲ့ အနာဂတ် plan တွေရှိနေမယ်ဆိုရင် ....ဘယ်လိုပဲ ဖြစ်ဖြစ် မဝေးတဲ့ အနာဂတ်မှာ ကိုယ်မမှီလိုက်တောင် နောက်မျိုးဆက်တွေ အတွက် home sick တွေ မဖြစ်ပဲ... ဂုဏ်ယူစရာကောင်းတဲ့ အဝေးခရီးတွေပဲ ရှိမယ့်..အချိန်တန် သာယာတဲ့ အိမ်လေး က အသင့်စောင့်ကြိုနေတဲ့ အနာဂတ်တွေ ပိုင်ဆိုင်စေမှာပါ။ အခုလို လုပ်ရမယ့် plan ကလဲ ကိုယ့်မိသားစု..ကိုယ့်ပတ်ဝန်းကျင်.. ကိုယ့်တိုင်းပြည်.. ကိုယ့် ဘာသာ.. သာသနာ အတွက် ချစ်တဲ့ စိတ်နဲ့ အရင်းခံ တည်ဆောက်မှပဲ ဖြစ်မယ်လို ယုံကြည်ပါတယ်။

ဒီပိုစ်လေးဖတ်ပြီး ကျွန်တော့် ညီမငယ် တစ်ယောက်ပြောတာလေးက ဒီလိုပါ...

အစ်ကိုရေ….

တစ်ချိန်တုန်းက အိမ်လေးတစ်နေရာ ကနေ အိမ်အတွင်းကနေ ထွက် လောကကြီးကို ကြည့်ဖို့ ဓါးတွေ သွေးနေခဲ့ကြတယ်..။
တစ်ချို့က ဓါးသွား မြမြ ဘ၀တိုက်ပွဲကို ထွက်လာခဲ့တယ်…။
တစ်ချို့က ဓါးသွေးရင်း သွေးဆဲနဲ့ တိုက်ပွဲချိန်ရောက်လို့ ထွက်လာခဲ့တယ်…။
တစ်ချို့က ဓါးသွေးဖို့ကိုတောင် မပြင်ဆင်နိုင်ပဲနဲ့ ထွက်လာခဲ့ရတယ်…။
အိမ်လေးရဲ့ ပြင်ပကို ရောက်တဲ့အခါကျတော့လည်း ကိုယ့်အိမ်လေးကို ကိုယ်ပြန်ဖို့အတွက် ဓါးတွေ ဆက်သွေးရ ပြန်တယ်..။
အိမ်လေးတစ်နေရာ ပြန်ရောက်တဲ့အခါ ကိုယ့်ရဲ့ ဧည့်ခန်းလေးမှာ ကိုယ်နဲ့ တိုက်ပွဲတစ်လျှောက် အတူ တိုက်ခဲ့တဲ့ ဓါးတစ်လက်ကို ချိတ်ဖို့ပေါ့…။
အဲ့ဒီဓါးအပေါ် စွန်းထင်နေတာက ကျွန်တော်တို့ သုံးခဲ့တဲ့ ဓါးဟာ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ သုံးခဲ့တာလဲဆိုတဲ့ အဖြေပေါ့…။
အိမ်လေးတစ်လုံးကနေ ထွက်ခွာလာချိန်၊ အိမ်လေးတစ်လုံးကို ပြန်သွားမယ့်အချိန်၊ ကိုယ်စီကိုယ်ငှ တန်ဖိုးထားကြမယ့်စံနှုန်းတွေနဲ့ ကိုယ်စီကိုယ်ငှ တည်ဆောက်နေကြတဲ့ အိမ်လေးတွေရဲ့အကြောင်းပေါ့…။

ဒီတော့ ကျွန်တော်တို့တစ်တွေ ပြန်မယ့်အိမ်လေးတွေက ကျွန်တော်တို့တစ်တွေ အတွက် နွေးထွေးမှုလဲ ပေးနိုင်သလို တိုးတက်ဖို့လဲ အခြေခံနေရာ ကောင်းတွေ ဖြစ်အောင် ဖန်တီးမှ ကျွန်တော်တို့တစ်တွေ လွမ်းရတဲ့ အိမ်လေးတွေ အစစ်ဖြစ်မယ်လို့ ယုံကြည်လျှက်...


စာရေးသူ...ဝေဖြိုး

No comments: