“ Value ” = တန်ဖိုး ......
ကျွန်တော်တို့က လေးစား မြတ်နိုး စွာနဲ့ တန်ဖိုးထား တတ်တာ ရှိသလို၊
ကျွန်တော်တို့ အတွက် နဂိုကတည်းက သတ်မှတ်ထားတဲ့ တန်ဖိုး များ ရှိပါတယ်။
ကျွန်တော်တို့ အတွက် နဂိုကတည်းက သတ်မှတ်ထားတဲ့ တန်ဖိုး များလို့ ဆိုလိုတာက ပစ္စည်းတစ်ခု ရဲ့ သတ်မှတ်ထားသည့် တန်ဖိုးများဆို မြင်မယ်ထင်ပါတယ်။ Supermarket တစ်ခုကို ၀င်လိုက်တာနဲ့ ၀ယ်သမျှ ပစ္စည်းတိုင်းမှာ သတ်ဆိုင်ရာ တန်ဖိုးများ သတ်မှတ်ထားပြီး ဖြစ်နေပါပြီ။ ရွေးချယ်ခွင့်ကတော့ ပစ္စည်းကောင်းတာ မကောင်းတာ မျှသာ ရွေးချယ် ခွင့်ရှိပါတယ်။ တန်ဖိုးကတော့ ကိုယ့်စိတ်က တန်၏ မတန်၏ သတ်မှတ်ပိုင်ခွင့်ရှိသော်လည်း ရယူပိုင်ဆိုင်ခွင့် အတွက်ဆိုရင်တော့ သတ်မှတ်ထားပြီးသား တန်ဖိုးအတိုင်းသာ ပေးချေရမှာပါ။
ကျွန်တော်တို့က လေးစား မြတ်နိုး စွာနဲ့ တန်ဖိုးထား တာမျိုးကတော့ ဥပမာပြောရရင် မွေးကင်းစ ကလေးတစ်ယောက် အတွက် မိခင်နို့ရည် ဆိုတာ အဲဒီကလေးအတွက် တန်ဖိုးအထားရဆုံး ဖြစ်သလို တန်ဖိုးအနေနဲ့ အခြေခံထားတာက ငွေကြေးမဟုတ်တဲ့ မေတ္တာ ပါ။တန်ဖိုးဖြတ် သတ်မှတ်လို့ မရနိုင်ပါဘူး။ အရွယ်ရောက်လာတဲ့ အခါကျတော့ မိခင်နို့ရည်ထက် ပိုပြီး တောင့်တစရာတွေ များလာပါတယ်။ ဥပမာ-ကစားစရာ အရုပ်လေးများ ၊ မုန့် စသဖြင့်ပေါ့။ဒီထက် ပို အရွယ်ရောက်လာတဲ့ ဆယ်ကျော်သက် ၀န်းကျင်မှာတော့ အ၀တ်အစား ၊ အသုံးအဆောင်ပစ္စည်း ၊ အတတ်ပညာ ၊ စာအုပ်စာပေ စသည်တို့ အပြင် လူမှုရေးလုပ်ငန်းတွေ သာရေးနာရေးတွေ က အစ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ များလာပါပြီ။ အဲဒီ အရာတွေ ထဲမှာ “ ကျွန်တော်တို့က လေးစား မြတ်နိုး စွာနဲ့ တန်ဖိုးထား တတ်တဲ့ အရာတွေ ရှိသလို၊ ကျွန်တော်တို့ အတွက် နဂိုကတည်းက သတ်မှတ်ထားတဲ့ တန်ဖိုး ရှိ အရာများလဲ ” ရောထွေးပါဝင် နေပါတယ်။
ကျွန်တော် ကြားဖူးတဲ့ အဆိုအမိန့်လေးတစ်ခု ရှိပါတယ်။ လူတစ်ယောက်မှာ ပထမ ဆုံးလိုအပ်ချက်က အစားအစာနဲ့ရေပါ။ အဲဒါပြည့်စုံပြီဆိုရင် နောက်ထပ်တောင့်တလာတာကတော့ နေထိုင်ရေးပါ။ စားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင်တော့ ချမ်းသာ ကြွယ်ဝမှု ၊ နဲ့ လုပ်ပိုင်ခွင့် အာဏာ ပါ။ အဲဒီ နောက်ကွယ်မှာတော့ ပတ်ဝန်းကျင်က ချစ်ခင်လေးစားမှု ဆိုတဲ့ အရာလေး ပါတဲ့ ချမ်းသာ ကြွယ်ဝမှု နဲ့ လုပ်ပိုင်ခွင့် အာဏာ၊ ချစ်ခင်လေးစားမှု ပေါ်အခြေမခံတဲ့ ချမ်းသာ ကြွယ်ဝမှု ၊ နဲ့ လုပ်ပိုင်ခွင့် အာဏာ ဆိုပြီးတော့ ကွဲပြားနေတာကို ကျွန်တော်တို့ တတွေ သေချာဆန်းစစ်ဖို့ လိုပါမယ်။
ချစ်ခင်လေးစားမှု ဆိုတဲ့ အရာလေး ပါတဲ့ ချမ်းသာ ကြွယ်ဝမှု နဲ့ လုပ်ပိုင်ခွင့် အာဏာ အထိ ပြည့်စုံဖို့ ဆိုတာ လူအများစုအတွက် အားလုံးပြည့်စုံဖို့ မလွယ်တဲ့ အရာပါ။ ကျွန်တော်တို့ ချမ်းသာ ကြွယ်ဝမှုကို အလေးပေးပြီး လုပ်ပိုင်ခွင့်တွေ ဖန်တီးမှာလား (သို့မဟုတ် ) လုပ်ပိုင်ခွင့် အာဏာကို အလေးပေးပြီး ချမ်းသာကြွယ်ဝအောင်လုပ်မှာလား။
ချမ်းသာကြွယ်ဝမှု နဲ့ လုပ်ပိုင်ခွင့်တွေကို အလေးပေးတဲ့ အခါမှာလဲ ချစ်ခင်လေးစားမှု ဆိုတဲ့ အရာကို အခြေခံတာနဲ့ အခြေမခံတာ ထပ်ပြီး စဉ်းစားဖို့လိုလာပါပြီ။ ဥပမာ - ရုံးတစ်ရုံးမှာ အရာရှိ နှစ်ယောက်ရှိတယ်ဆိုပါဆို့ ၊ ပထမ တစ်ယောက်က ငွေကြေးချမ်းသာတယ် အဆက်အသွယ် နောက်ခံတောင့်တယ်ပေါ့ ၊ သူ့ကတော့ သူ့ လုပ်ပိုင်ခွင့်အတွက် သူ့အကျိုးအတွက် အဓိက ဦးစားပေးပြီး လုပ်တယ်ပေါ့။ ဒုတိယ တစ်ယောက်ကတော့ ငွေကြေးက ပုံမှန်ပါပဲ သူကတော့ သူ့ လုပ်ပိုင်ခွင့်အတွက် အများကို အဆင်ပြေဖို့ ဦးစားပေး ဆောင်ရွက်တတ်တယ်ပေါ့ ။ ရလဒ် အနေနဲ့ကတော့ ပထမ အရာရှိက ၀င်ငွေပိုကောင်း အဆင်ပြေ အထက်လူကြီးတွေကိုလည်း ပိုပြီး personal အနေနဲ့ supporting လုပ်ပေးနိုင်ပြီး ရာထူးတက်လဲ မြန်သလို အခွင့်ရေးကောင်းတွေ လဲ ပိုရတယ် ။ ဒုတိယ အရာရှိကတော့ ပထမ အရာရှိရဲ့ အစစ အရာရာ နောက်ကပဲ ဖြစ်နေပါတယ်။ သူ့စိတ်ကတော့ ရှင်းပြီး စိတ်ချမ်းသာတဲ့ ခံစားမှုလေး ပဲ ရမှာပါ။
အထက်က ဖြစ်စဉ်လေးကို သေချာစဉ်းစားပြီး စာသဘော အများအမြင် ကောင်းတဲ့ သဘောထက် ကိုကိုယ်တိုင် အဲဒီ နေရာမျိုးမှာ ရွေးချယ်ဖို့ အခြေအနေဖြစ်လာရင် အမှန်အတိုင်း ၀န်ခံပြီး ဆုံးဖြတ်မယ်ဆိုရင် ပထမ အရာရှိကို ရွေးမလား ဒုတိယ အရာရှိကိုရွေး မလားဆိုတာ ကိုယ်လေးစား တန်ဖိုးထားတဲ့ တန်ဖိုး (value ) ပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာ အသေအချာပါ။
ကျွန်တော်ထားမိတဲ့ value အကြောင်း ဝေမျှချင်ပါသေးတယ်။ တစ်ရက်က ကျွန်တော့် ငယ်သူငယ်ချင်း ချမ်းသာတဲ့ စီးပွားရေးသမား တစ်ယောက်ရဲ့ ပွဲလေးတစ်ခု သွားခဲ့ပါတယ်။ အဲဒီမှာ သူ ကျွန်တော့်ကို မိတ်ဆက်ပေးတဲ့ သူတစ်ချို့က မြို့နယ် တစ်ခုမှာ တစ်ရက်ကိုတင် သိန်း ၂၀ ၊ ၂၅ လောက် ၀င်ငွေကောင်းနေတဲ့ အထူးကု ဆရာဝန်ကြီးတစ်ဦး ၊ နောက်တစ်ယောက်က အဲဒီ ဒေသမှာ သိန်းထောင်ချီ ၀င်ငွေကောင်းနေတဲ့ စီးပွားရေးသမား ၊နောက်ထပ်လဲ အလားတူပါပဲ။ ကျွန်တော့် ရင်ထဲမှာ တော့ ပုံမှန် လူတွေနဲ့ မိတ်ဆက်ရသလိုပဲ ခံစားမိပါတယ်။ ထူးထူးခြားခြား မခံစားမိပါဘူး။ ပုံမှန် ဆိုရင်တော့ ဒီလိုလူတွေ နဲ့ ခင်မင်ခွင့်ရတာဟာ ကိုယ့်အတွက် အကျိုးရှိစရာ အားကျစရာပါ။ ထူးထူးခြားခြား အားမကျမိတာ အမှန်ပါ။အဲဒီ အချိန်မှာ ကျွန်တော် စိတ်ဝင်စား အားကျမိတာက အဲဒီပွဲမှာ လာရောက် ဖျော်ဖြေပေးတဲ့ မြို့ခံ တီးဝိုင်းနဲ့ သီဆိုဖျော်ဖြေသူ လူငယ်တွေပါ။ သူတို့တစ်တွေက ဒီပွဲ မှာ ဖျော်ဖြေရလို့လဲ စီးရီးထုတ် ဖို့ အတွက်ရွေးချယ်ခံစရာ အခွင့်အရေးမရှိသလို ငွေရေးကြေးရေး အနေနဲ့လည်း မယ်မယ်ရရ မရသလို အဲဒီ အပေါ်မှာလဲ စဉ်းစားစရာ မလိုအောင် ကိုယ်ပိုင် ရပ်တည်နိုင်ပါတယ်။ အားတက်သရော ဖျော်ဖြေနေသလို စုံစမ်းမေးမြန်းမိတဲ့ အခါမှာလည်း နောက် ၀ါသနာပါတဲ့ ကလေးတွေ ဆက်လက် ရပ်တည် နိုင်အောင် တီးဝိုင်းလေး ရည်ရှည် တည်တံ့ဖို့ နဲ့ သူတို့ရဲ့ ၀ါသနာ ရင်ခုံသံ ပျော်ရွှင်မှုလေးတွေပါတဲ့။ ဒါဟာ သူတို့ထားတဲ့ value တစ်ခုဆိုရင် မမှားပါဘူး။ အဲဒီ value ကို ကျွန်တော် လည်း တန်ဖိုးထားမိခဲ့ပါတယ်။
နောက် value လေးတစ်ခုကတော့ ငွေကြေးတတ်နိုင်တဲ့ မိသားစုက မိန်းခလေး တစ်ယောက်ပါ။ဆယ်တန်းအောင် တက္ကသိုလ်တက် အလုပ်ထဲဝင် ငွေတွေကောင်း ပြီး ကိုယ်ပိုင် ရပ်တည်နေပါတယ်။ အခြားတစ်ယောက်ကတော့ အသက် ၁၉ နှစ်အရွယ်လောက်က စပြီး လူအများမြင်ကွင်းမှာ ထုတ်ပြောဖို့ မသင့်တော်တဲ့ အလုပ်လုပ်နေရတဲ့ မိန်းခလေး တစ်ယောက်ပါ(ပျက်စီးနေသောမိန်းခလေးမဟုတ်ပါ)။ဒါပေမယ့် ဒီမိန်းခလေးဟာ အဲဒီ အလုပ်ကိုလုပ်ပြီး သူ့ဘာသာ ဆယ်တန်းအောင်ဖို့ ကြိုးစား ၊နောက် အဝေးသင်နဲ့ စီးပွားရေး ဘွဲ့ တစ်ခုယူတယ်။အဲဒီ ကာလ အတွင်းမှာလဲ မိသားစုကို ထောက်ပံ့ ညီတွေ ညီမတွေကိုလဲ ကျောင်းထားပေးနိုင်အောင် ကြိုးစားပေးခဲ့ပါတယ်။သူဘွဲ့ရသည် အထိ အပြင်အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့ ဖို့ မလုံလောက်သေးလို့ အဲဒီ အလုပ်ထဲမှာပဲ ရှိနေပါသေးတယ်။ မိတ်ဆွေ အနေနဲ့ အဲဒီ မိန်းခလေး ၂ ယောက် ရဲ့ value ရွေးချယ်ရမယ် ဆိုရင် ဘယ်သူ့ကို တန်ဖိုးထားပြီး ရွေးချယ်မလဲ ? အဲဒီမှာ ကိုယ်ထားတဲ့ value က အများကြီး အရေးပါနေပါပြီ လူတစ်ယောက်ရဲ့ value ကို ဘာနဲ့ ဆုံးဖြတ်မှာလဲ ? ချမ်းသာကြွယ်ဝမှူနဲ့လား ၊ အခွင့်အာဏာနဲ့လား ၊ အဆင်းရှူပကာနဲ့လား ..စသဖြင့် မှားတယ် မှန်တယ် ဆိုတာထက် ကိုယ့်ထားတဲ့ value အစစ် ပေါ် မူတည်ပြီး ဆုံးဖြတ်မှာ အသေချာပါ။
value(တန်ဖိုး) ဆိုတာကို အဓိက ပြောချင်တာကတော့ ကျွန်တော်တို့ အရွယ်ရောက်လာပြီး ဘ၀အတွက် ကိုယ်လျှောက်မယ့် လမ်းကို ရွေးချယ်တဲ့ အချိန်မှာ ကိုယ့်ကိုကိုယ် သေချာဆန်းစစ်ပြီး “ ငါတော့ ဘယ်လို ဘ၀မျိုးကို နှစ်သက်လဲ၊ အားကျလဲ ၊ ပျော်သလဲ ၊ဘယ်လိုအရည်အချင်းတွေကို တန်ဖိုးထားသလဲ ” စသဖြင့် သေချာစဉ်းစားသင့်ပါတယ်။ လူတိုင်းတော့ နောက်ဆုံးပေါ်ကားစီးပြီး တိုက်နဲ့ ခြံနဲ့ နေချင်တာ အသေအချာပါ။ ဒါပေမယ့် ပုံမှန် စားဝတ်နေရေးတော့ အဆင်ပြေတယ် ၊ ချမ်းသာဖို့ အတွက် အခွင့်အရေးတွေ နေရာမှာ ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံ က စပြီး ကမ္ဘာ့ လူမျိုးရေး ဆိုင်ရာ အထိ အသိပညာ အားဖြင့်လည်းကောင်း ၊ အတတ်ပညာအားဖြင့် လည်းကောင်း ..စသဖြင့် ဆောင်ရွှက်ပေးနေရတာကို နှစ်သက်ပျော်ရွှင်တာလား ( သို့မဟုတ် ) ချမ်းသာဖို့ ဦးစားပေးပြီးမှ ပဲ အခြား အရာတွေ လုပ်ချင်တာလား စဉ်းစားသင့်ပါတယ်။
အဲဒီထက် တစ်ဆင့် ဆင်းကြည့်မယ်ဆိုရင် လက်ရှိ ဒီအလုပ်ကိုင်က ၀င်ငွေကောင်းမယ် ၀ါသနာ သိပ်မပါဘူး။ ၀င်ငွေတော့ ကောင်းမှာ မသေချာသေးဘူး အဲဒီ အလုပ်ပေါ်မှာ ပင်ပန်းပေးမယ့် ပျော်ရွှင်စွာ ရေရှည်လုပ်နိုင် နေမယ် ။ ဒီလိုအခြေအနေမျိုးတွေ ကျွန်တော်တို့ တိုင်းပြည်မှာ လူငယ်တွေ အတော်များများ ကြူံတွေ့နေ ကြူံတွေ့ ခဲ့ရမှာပါ။ အဲဒီ လို အခြေအနေ မျိုးမှာ ကိုယ်လေးစား တန်ဖိုးထားတဲ့ value အစစ် ကို သေချာရှာဖွေနိုင်ဖို့လိုပါမယ် ။ အဲဒီလိုသာ သေသေချာချာ ကိုယ့် တန်ဖိုးထားတဲ့ value ကို ရှာဖွေနိုင်ခဲ့မယ်ဆိုရင် အခြေအနေ တစ်ခု အချိန်တစ်ခု ဖြတ်သန်းပြီးတဲ့ အခါ ကိုယ့်ဘ၀ ကို ချမ်းသာသည်ဖြစ်စေ ၊ မချမ်းသာ သည်ဖြစ်စေ ကျေနပ်နေပြီး ရှေ့ဆက်မည့် လမ်းတွေ အတွက်လဲ ရှင်းလင်းပြတ်သားစွာ မြင်နိုင်မှာပါ။ ထို့ အတူပဲ အပေါင်းအသင်း မိတ်ဆွေတွေကလည်း ရင်ခုန်တဲ့ value ချင်းတူတဲ့ သူတွေ စုစည်းမိကြမှာပါ။
အရှင်းဆုံး ဥပမာ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည် ကို ကျွန်တော်တို့ တစ်တွေ ဘာလို့ ချစ်ခင်လေးစား တန်ဖိုးထားသလဲ။ ဒေါ်အောင်ဆန်း စုကြည် နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့မှာ လူချင်းတွေ့ပြီး စကားတစ်ခွန်းတောင်ပြောဘူးတာမဟုတ်။ အထောက်အပံ့ဆို တစ်ခါမှ မရဘူးပါ။ ဒါပေမယ့် ဘာလို့ လေးစားကြည်ညိုကြလဲ ? ရှင်းပါတယ် …. ရင်ထဲမှာ ထားတဲ့ value အစစ်တွေ က ဆုံးဖြတ်သွားတာပါ။
ဒီတော့ မိတ်ဆွေတို့ အနေနဲ့ ဘယ်လိုအရာတွေကို တန်ဖိုးထားသလဲ ၊ ဘယ်လို အရည်အချင်းတွေကို တန်ဖိုးထားသလဲ ? သိသိကြီး value အတုတွေနဲ့ ရှင်သန်မနေစေချင်ပါဘူး ။ ကိုယ့်ရဲ့ value အစစ်တွေကို မှန်မှန် ကန်ကန်ရွေးချယ်ပြီး လျှောက်လှမ်းခဲ့မယ်ဆိုရင် ကျွန်တော့် အတွေးတစ်စအတွက် ကြည်းနူးနေမိမှာပါ။
ဝေဖြိုး